ရေနံချောင်း မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ နွေရာသီကာလ အပူရှိန်မြှင့်တက်လာမှုကြောင့် ပြည်သူများ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို သိရှိလိုက်နာနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ကျန်းမာရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ပူးပေါင်းကာ အပူဒဏ်အန္တရာယ် အသိပညာပေးပိုစတာကပ်ခြင်းနှင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို လူစည်ကားရာ ဈေးနှင့်လမ်းဆုံနေရာများတွင် လိုက်လံဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် နွေရာသီကာလ အပူဒဏ်အန္တရာယ်ကြောင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုပိုမိုများပြားလာကာ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်သောကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြိုတင်ကာကွယ်အပူဒဏ်အန္တရာယ်၊ လိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြဉ်ရန်အချက်များ၊ အပူဒဏ် အန္တရာယ်ကို အထူးသတိပြုရမည့်သူများ၊ ကြိုတင်ကာကွယ်ရေး နှိုးဆော်ချက်များ၊ အပူဒဏ် အန္တရာယ်ကျရောက်သည့် လူနာကို အရေးပေါ်ရှေးဦးပြုစုနည်းများ စသည့်အကြောင်းအရာများပါဝင်သည့် ပိုစတာများကို ပြည်သူများသိရှိလိုက်နာနိုင်ရန် ဈေးနှင့်လမ်းဆုံများတွင် လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်ဘုတ်တွင် လည်းကောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင်လည်းကောင်း အသိပညာပေးကပ်ထားခဲ့ကြောင်း သိရသည်။
ရေနံချောင်းမြို့သည် မကွေးမြို့နှင့် ချောက်မြို့အကြားတွင် တည်ရှိပြီး ၎င်းမြို့များသည် ကမ္ဘာ့အပူရှိန် အများဆုံးမြို့များ စာရင်းတွင် ပါဝင်သည့်အတွက် ရေနံချောင်းမြို့နယ်သည်လည်း အဆိုပါမြို့များကဲ့သို့ အပူဒဏ်အန္တရာယ်ကို ကျရောက်ခံစားရကြောင်း ဒေသခံများထံက သိရသည်။
မြို့နယ် (ပြန်/ဆက်)