လိပ်သို မတ် ၁၉
ကျောင်းသား/ ကျောင်းသူလူငယ်များ ကျန်းမာကြံ့ခိုင်ပြီး ဥာဏ်ရည်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ကစားကွင်း၌ ၂၀၂၅ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့တွင် ကျရောက်မည့် “အပြည်ပြည် ဆိုင်ရာသစ်တောများနေ့” အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက် ၈ နာရီခွဲအချိန်ကစ၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ခြင်းသည် ဗဟုသုတပြည့်စုံ၍ အသိဉာဏ်ပညာထက်မြက်လာမည်ဖြစ်ကြောင်း၊ ကျောင်းသား/ ကျောင်းသူများ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့်ရှိစေရန် ရည်ရွယ် ၍ ယခုလိုပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မုန့်စားပြိုင်ပွဲ၊ ဂုံနီအိတ်စွပ်ပြိုင်ပွဲ၊ ပုလင်းထဲဖယောင်း တိုင်ထည့်ပြိုင်ပွဲ၊ ကုန်းပိုးပြိုင်ပွဲ၊ အပ်ချည်ထိုးပြိုင်ပွဲများကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူ (၃၁) ဦးတို့က ပါဝင်ယှဉ်ပြိုင်ကြပြီး မြို့ဦးစီးမှူးက ကျောင်းသား/ ကျောင်းသူများအား အာဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ ကျောင်းသူများအား ဗဟုသုတရရှိစေရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ်