ငဖဲ မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ဆောင်းသီးနှံများစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် မြေပဲ ၈၁ ဧက နုတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၅၃.၉၈ တင်းခန့်ထွက်ရှိကြောင်း ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ငဖဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက တွန်တာနီမြေပဲမျိုး ၉၆ ဧက၊ မကွေး-၁၆ မျိုး ၇၅ ဧကနှင့် ဗီယက်နမ်မျိုး ၁ ဧက၊ စုစုပေါင်း ၁၇၂ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ မြေပဲစိုက်ခင်းတွေကို တောင်သူတွေက နွေသီးနှံများ ပြန်လည်စိုက်ပျိုးရန် ဇန်နဝါရီလက စတင်နုတ်သိမ်းခဲ့ရာ အခုချိန်ထိ ၈၁ ဧက နုတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ တစ်ဧကကို ၅၃.၉၈ တင်းနှုန်း ထွက်ရှိပါတယ်။ ဒေသခံတောင်သူများ မြေပဲနုတ်သိမ်းရာမှာ အထွက်နှုန်းလျော့နည်းမှုနှင့် လေလွင့်ဆုံးရှုံးမှုမရှိရေး အချိန်မီနုတ်သိမ်းကြဖို့နဲ့ နုတ်သိမ်းပြီးမြေပဲများ စနစ်တကျထားသိုသိမ်းဆည်းကြရန် အသိပညာပေးဆောင်ရွက်နေပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးမြင့်သိန်းက ပြောကြားခဲ့သည်။
မြေပဲစိုက်တောင်သူများကို အထွက်နှုန်းကောင်းသော မျိုးသန့်မျိုးစေ့များ တိုးချဲ့စိုက်ပျိုးရေး၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ စနစ်တကျထည့်သွင်းရေး၊ သဘာဝပိုးသတ်ဆေးများ စနစ်တကျသုံးစွဲရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းရေး စသည့် တောင်သူပညာပေးလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်အပြင် တခြားဒေသများ၌ ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းစားသုံးဆီဖူလုံစေမည့်အပြင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးကိုလည်း အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)