မုံရွာ မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၇ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် မိဘများတက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က လူငယ်လူရွယ်များ စာရိတ္တနှင့် စိတ်ဓါတ်ကြံ့ခိုင်ပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် အားကစားသမား လူတော်လူကောင်းများ ပေါ်ထွက်လာစေရေး၊ လူငယ်များ အားကစားနည်းအလိုက် နည်းစနစ်များ၊ ဥပဒေများ ကျွမ်းကျင်လိုက်နာမှုရှိစေရေး၊ ကျောင်းသားလူငယ်များ နွေရာသီအားလပ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးပြုနိုင်ရန်ဆိုသည့် ရည်ရွယ်ချက်(၃)ရပ်ဖြင့် အားကစားနည်း(၁၃)မျိုးအား ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှ သင်ကြားပို့ချချက်များအား ကြိုးစားသင်ယူလေ့ကျင့်ပြီး ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်အဆင့်မှနေပြီး နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားမောင်မယ်များ အဆင့်အထိရောက်ရှိအောင် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား/ သင်တန်းသူများ၏ မြန်မာ့သိုင်း၊ ကရာတေး၊ ဘောလုံး၊ တင်းနစ်၊ Fitness Dance တို့ဖြင့် သရုပ်ပြသမှုများအား ကြည့်ရှုအားပေးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သရုပ်ပြသဖျော်ဖြေသွားကြသည့် သင်တန်းသား၊ သင်တန်းသူများနှင့် သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် သင်ထောက်ကူအားကစားပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်းတွင် ဘောလုံး၊ Fitness Dance/ အေရိုးဗစ်၊ ဖူဆယ်၊ ကရာတေး၊ စားပွဲတင်တင်းနစ်၊ ဘတ်စကက်ဘော၊ တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ ဘော်လီဘော၊ ကြက်တောင်၊ ဗိုဗီနမ်၊ အားကစား (၁၃)မျိုး၌ သင်တန်းသား၊ သင်တန်းသူ ၇၄၄ ဦး တက်ရောက်ကြပြီး သင်တန်းကာလ ၁ လ ကြာ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)