ပခုက္ကူမြို့နယ်၊ မှိုက်ပင်ကုန်းကျေးရွာရှိ မီးဘေးသင့်ပြည်သူ အိမ်ထောင်စု ၂၁ စုအား ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

ပခုက္ကူ မတ် ၁၉

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ မှိုက်ပင်ကုန်းကျေးရွာရှိ မီးဘေးသင့်ပြည်သူများအား ယမန်နေ့က ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ထိုသို့ပေးအပ်ရာတွင် ပခုက္ကူခရိုင်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးအောင်ဝင်း၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့မူ၊ မြို့နယ်တပ်ဖွဲ့မှူး ဦးထွန်းနိုင်နှင့် အသင်းဝင်များက မီးဘေးသင့်ပြည်များထံ သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း၊ မီးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးဟောပြောခြင်း၊ မီးဘေးသင့်အိမ်ထောင်စု ၂၁ စု၊ လူဦးရေ ၇၉ ဦးအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်လေးသိန်းတန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ပခုက္ကူမြို့နယ်၊ မှိုက်ပင်ကုန်းကျေးရွာ၌ မတ်လ ၅ ရက် မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)