မင်းဘူး မတ် ၁၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ပွဲတော်ကာလ နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်၊ တေးဂီတဖျော်ဖြေပွဲများဖြင့် ယမန်နေ့ည ၈ အချိန်က ဖျော်ဖြေတင်ဆက်ခဲ့ရာ ဘုရားဖူးလာပြည်သူများနှင့် ဒေသခံများက တစ်ခဲနက်လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
ထို့သို့ဖျော်ဖြေတင်ဆက်ရာတွင် မန်းရွှေစက်တော်ဘုရားသောင်ပြင် အထူးတံတားမုဒ်ဦးအနီးရှိ စတိတ်စင်မြင့်၌ မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလ တပေါင်းပွဲတော် ပထမညအဖြစ် “မင်းထွေး” ဇတ်ပွဲသဘင်အဖွဲ့မှ ဦးဆောင်ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး၊ အပန်းဖြေ လာရောက်ကြသူများနှင့် ဒေသခံများအား အငြိမ့်ဇတ်မင်းသား/ မင်းသမီးများ၊ တေသံရှင်များနှင့် နိုင်ငံကျော်အနုပညာရှင်များက ရွှေခိုင်ဇော် မင်္ဂလာဆိုင်းဖြင့် တွဲဖက်၍ မြိုင်မြိုင်ဆိုင်ဆိုင် ဧည့်ခံ ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါ အငြိမ့်သဘင်၊ တေးဂီတဖျော်ဖြေပွဲကြီးကို မတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် ည ၈ နာရီအချိန်မှ စတင်ပြီး နှစ်ညတိုင်တိုင် အခမဲ့ ဧည့်ခံဖျော်ဖြေ တင်ဆက်ပေးသွားမည် ဖြစ်ကြောင်း၊ ဖျော်ဖြေပွဲ ပထမညတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး၊ အပန်းဖြေလာရောက်ကြသူများနှင့် ဒေသခံများက တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးပြီး အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဥက္ကဌ ဦးအေးကိုက ပြောသည်။
ယခုနှစ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ မဟာသင်္ကြန် ရုံးပိတ်ရက်အပါအဝင် (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက် နေ့ထိ) ရက်ပေါင်း (၇၅)ရက်ကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွား ပြည်သူများ ညအိပ် တည်းခိုနားနေနိုင် စေရန် တည်းခိုဆောင်အခန်းပေါင်း ၄၈၄ ခန်းနှင့် ဈေးဆိုင်ခန်းပေါင်း ၄၂၁ ဆိုင် ဆောင်လုပ်ပေးထားကြောင်း၊ ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲ စတင်ကျင်းပသည့် နေမှစ၍ ယနေ့အထိ ဘုရားဖူး ရဟန်းရှင်လူ ခရီးသွားပြည်သူပေါင်း ၁၆၅၄၆ ဦးနှင့် မော်တော်ယာဉ်အစီးရေပေါင်း ၃၃၁၉ စီး လာရောက်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးခရီးသွား လာရောက် အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)