တနင်္သာရီ မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ အားကစားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် နွေရာသီကျောင်းပိတ်ရက်များကိုအကျိုးရှိရှိ အသုံးချတတ်စေရန် နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များပေါ်ထွန်းစာစေရန် ရည်ရွယ်ချက်များဖြင့် မတ်လ ၆ ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် နွေရာသီဘောလုံးအားကစားနည်းနှင့်ဘော်လီဘောကစားနည်း အခြေခံအားကစားသင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၇ ရက်နေ့ မွန်းလွှဲ၃နာရီခွဲအချိန်က မြို့နယ်အားကစား ခန်းမအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
၎င်းသင်တန်းဆင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ခေါင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဘောလုံးနှင့်ဘော်လီဘောအားကစားနည်းပြများနှင့် သင်တန်းသား/ သူများ တက်ရောက်ကြသည်။
ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင်က နွေရာသီရက်ရှည် ကျောင်းပိတ်ရက်များအတွင်း အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်ပြီး ထူးချွန်အားကစားသမားများ ပေါ်ထွန်းလာပါစေကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားပေးသည်။
ထို့နောက် ဘောလုံးသင်တန်းသားများ၏ သင်တန်းဆင်းလက်မှတ်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ခေါင်ကလည်း ကောင်း၊ ဘော်လီဘော သင်တန်းသားများ၏ သင်တန်းဆင်းလက်မှတ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်ဟန်စိုးကလည်းကောင်း ပေးအပ်ရာ သင်တန်းသားတစ်ဦးစီက ကိုယ်စား လက်ခံရယူခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းအောင်က နည်းပြများအား ဂုဏ်ပြုဆုငွေများကို ချီးမြှင့် ပေးအပ်ပါသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဦးစီးမှူးများ၊ နည်းပြများနှင့်သင်တန်းသူ/ သားများက စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကြကာ သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တန်း၌ ဘောလုံးအားကစားနည်းသင်တန်း၌ ကျား (၃၆) ဦး+ မ (၁၁) ဦး၊ ပေါင်း (၄၇) ဦးကို နည်းပြဦးပိုပိုအောင်က နေ့စဉ်ညနေ ၄ နာရီခွဲအချိန်မှစ၍ မြို့မအားကစားကွင်းအတွင်း လက်တွေ့သင်ကြားပေးခဲ့ကြောင်း၊ အလားတူ ဘော်လီ ဘော အားကစားနည်းသင်တန်းတွင် ကျား (၁၆) ဦး+ မ (၈) ဦး၊ ပေါင်း (၂၄) ဦးတို့ကို နည်းပြဦးကျော်မင်းက နေ့စဉ်ညနေ၃နာရီခွဲအချိန်မှစ၍ မြို့နယ်အားကစားခန်းမအတွင်း စာတွေ့/ လက်တွေ့သင်ကြားပေးခဲ့ကြောင်း သင်တန်းကာလမှာ မတ်လ ၆ ရက်မှ မတ်လ ၁၇ ရက်နေ့အထိ ၁၂ ရက်ကြာဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)