ထားဝယ် မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အမျိုးသား/အမျိုးသမီးမီတာ (၁၀၀)ပြေးပြိုင်ပွဲနှင့် မီတာ (၄၀၀×၄) လက်ဆင့်ကမ်းပြိုင်ပွဲ၏ ယှဉ်ပြိုင်ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ပြိုင်ပွဲတစ်လျှောက် ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုငွေ ချီးမြှင့်ပြီး တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က မီတာ(၁၀၀)ပြိုင်ပွဲတွင် အမျိုးသမီး ပထမဆုရရှိသော ကျွန်းစုမြို့နယ်မှ မဖူးနန္ဒီလင်း၊ ဒုတိယဆုရရှိသော မြိတ်မြို့နယ်မှမမြတ်သီရိလင်း၊ တတိယဆုရရှိသော ကော့သောင်းမြို့နယ်မှ မဆုမြတ်မွန်အားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက အမျိုးသားပြိုင်ပွဲတွင် ပထမဆုရရှိသော ထားဝယ်မြို့နယ်မှ မောင်ပြည့်စုံအောင်၊ ဒုတိယဆုရရှိသော ကော့သောင်းမြို့နယ် မောင်ဟိန်းထက်ဇော်၊ တတိယ ဆုရရှိသော မြိတ်မြို့နယ်မှ မောင်ကျော်ဇင်ဖြိုးအားလည်းကောင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းမင်းလတ်က မီတာ(၄၀၀×၄) လက်ဆင့် ကမ်းပြိုင်ပွဲတွင်အမျိုးသား ပထမဆုရရှိသောထားဝယ်မြို့နယ်အသင်း၊ ဒုတိယဆုရရှိသော လောင်းလုံးမြို့နယ်အသင်း၊ တတိယဆု ရရှိသော သရက်ချောင်းမြို့နယ်အသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက မီတာ(၄၀၀×၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် အမျိုးသမီး ပထမဆုရရှိသော ကျွန်းစုမြို့နယ်အသင်း၊ ဒုတိယဆုရရှိသော ထားဝယ်မြို့နယ်အသင်း၊ တတိယဆုရရှိသော မြိတ်မြို့နယ်အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆုများ အသီးသီးပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အမျိုးသမီးပြိုင်ပွဲတွင် ရွှေတံဆိပ်(၈)ခု၊ ငွေ(၄)ခု၊ ကြေး(၃) ခုဖြင့် ပထမဆုရရှိသော ကျွန်းစုမြို့နယ်အသင်းနှင့် အမျိုးသားပြိုင်ပွဲ များတွင် ရွှေတံဆိပ် (၇)ခုဖြင့် ပထမဆုရရှိသော ထားဝယ်မြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီး မြှင့်ကြကြောင်း သတင်းရသည်။
ကျော်ကျော်လတ် (ပြန်/ဆက်)