ထားဝယ် မတ် ၁၇
ထနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ စာစစ်ဌာန၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား/ သူများ မြန်မာစာဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဝင်းနောင်က စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဖြေဆို/ ပျက်ကွက်သူ ဦးရေစာရင်းများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက စာမေးပွဲအခန်းတာဝန်ကျ ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအား ကျောင်းသား/ သူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ စာမေးပွဲဖြေဆိုနေသည့် ကာလအတွင်း စာဖြေခန်း အတွင်းအပြင်သန့်ရှင်းရေး၊ လေဝင်လေထွက်ကောင်းမွန်ရေးနှင့်အလင်းရောင် လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊စာဖြေသူနှင့်စာမေးပွဲလုပ်ငန်း အနှောင့်အယှက်မဖြစ်စေရေး ဂရုစိုက်ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ကျောင်းသား/သူများ၏ ကျန်း မာရေးအား အလေးထားဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ စာမေးပွဲကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖြေဆိုနိုင်ရေး ဝိုင်း ဝန်းကူညီဆောင်ရွက်ပေးရန် လိုအပ်ကြောင်း မှာကြားသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို သက်ဆိုင်ရာစာစစ်ဌာန (၁၆) ခု၌ ဝင်ရောက်ဖြေဆိုသူ ဦးရေမှာ ကျား (၁၇၂၈) ဦး၊ မ (၃၀၂၉) ဦး၊ စုစုပေါင်း (၄၇၅၇) ဦးရှိပြီး မြန်မာစာဘာသာရပ်ဖြေဆိုသူဦးရေ ကျား (၁၆၂၁) ဦး၊ မ (၂၉၂၀) ဦး၊ စုစုပေါင်း (၄၅၄၁) ဦး၊ ဖြေဆိုမှုရာခိုင်နှုန်း (၉၅.၄၆%)၊ ပျက်ကွက်သူဦးရေမှာ ကျား (၁၀၈) ဦး၊ မ (၁၀၉) ဦး၊ စုစုပေါင်း (၂၁၇) ဦး၊ (၄.၅၆%) ရှိကြောင်း သိရသည်။
အဆိုပါ စာစစ်ဌာနများ၌ ဆရာ/ မများ၊ ကျောင်းသား/ သူများအား စာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့်တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)