ပခုက္ကူ မတ် ၁၇
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုခြင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ကျင်းပရာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ စာစစ်ဌာနနှစ်ခု၌ ပထမနေ့စာမေးပွဲအဖြစ် (မြန်မာစာဘာသာ)ကို ကျောင်းသား၊ ကျောင်းသူများ စတင်ဖြေဆိုကြကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူပေါင်း ၈၉၇ ဦး စာရင်းပေးသွင်းထားပြီး မတ်လ ၁၇ ရက် ပထမနေ့စာမေးပွဲ(မြန်မာစာဘာသာ)ကို လာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၁၇ ဦးရှိသောကြောင့် ဖြေဆိုမှုနှုန်း ၉၁ ဒသမ ၀၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)