ပခုက္ကူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူအိမ်ထောင်စု ၁၀ စုအား ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်

ပခုက္ကူ မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူများအား ယနေ့နံနက် ၉ နာရီခွဲအချိန်က ကြက်ခြေနီအသင်းမှတာဝန်ရှိသူများသွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ကြသည်။

ပခုက္ကူမြို့၊ ကြက်ခြေနီအသင်းမှခရိုင်ဥက္ကဋ္ဌ ဦးအောင်ဝင်း၊ မြို့နယ်ဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့မူ၊ မြို့နယ်တပ်ဖွဲ့မှူး ဦးထွန်းနိုင်နှင့်အသင်းဝင်များက မီးဘေးသင့်ပြည်များထံသွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း၊ မီးဘေးအန္တရာယ်ဆိုင်ရာဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးရှင်းလင်းဟောပြောခြင်း၊ အိမ်ထောင်စု ၁၀စု၊ လူဦးရေ ၅၇ဦးတို့အတွက် အိမ်ထောင်စု ၁စုလျှင် ငွေကျပ်လေးသိန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း ၂၆ မျိုးစီတို့ကို ပေးအပ်ခြင်းများ ဆောင်ရွက်ကြသည်။

ပခုက္ကူမြို့၊ အမှတ်(၅)ရပ်ကွက်၌ မတ်လ၁၄ရက် မွန်းလွဲ ၁ နာရီ ၅၈ မိနစ်ခန့်က လူနေအိမ်မီးဖိုမီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာနေထိုင်နိုင်ရေးအတွက် အဆိုပါရပ်ကွက်ရှိ ကိန္နရာတောင်ဘုန်းတော်ကြီးကျောင်း၌ ယာယီ‌ပြောင်းရွှေ့နေထိုင်စေကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)