ကန့်ဘလူ မတ် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲများလည်း ကျင်းပတော့မည်ဖြစ်ရာ ရပ်ကွက်နေပြည်သူများအနေဖြင့် မီးသုံးစွဲမှုများကို အသိ၊ သတိတို့ဖြင့် ဆောင်ရွက်နိုင်စေရန်နှင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်စေရန် မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ၁၆-၃-၂၀၂၅ ရက်နေ့ညနေ ၄ နာရီခွဲက လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့အသိပေးနိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပညာရေးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ရပ်ကွက်နေပြည်သူများ အမှိုက်များကို စနစ်တကျမီးရှို့ကြရန်နှင့် မီးရှို့မည်ဆိုပါက နံနက် ၄ နာရီမှ ၉ နာရီထိ၊ ညနေ ၄ နာရီမှ ၇ နာရီထိဆောင်ရွက်ကြရန်၊ မော်တော်ယာဥ် မောင်းနင်နေစဥ်၊ မော်တော်ဆိုင်ကယ်စီးနင်းနေစဥ်နှင့် လမ်းလျှောက်နေစဥ် ဆေးလိပ်သောက်ခြင်းမပြုလုပ်ကြရန်၊ ဆေးလိပ်တိုများကို စနစ်တကျစွန့်ပစ်ကြရန်၊ ဆူညံအိတ်ဇောများ တပ်ဆင်အသုံးမပြုကြရန်၊ မီးချိတ်၊ မီးကပ်၊ ရေ၊ သဲများကို စနစ်တကျစီမံဆောင်ရွက်ထားရန် အဆိုပါလုပ်ငန်းများကို လိုက်လံစစ်ဆေးသွားမည်ဖြစ်ပြီး တွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို အသိပေးနိုးဆော်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)