မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူပေါင်း (၁၁၅၂) ဦး ဝင်ရောက်ဖြေဆို

မင်းဘူး မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စာစစ်ဌာန (၃) ခုတွင် ကျင်းပခဲ့ရာ ပထမနေအဖြစ် မြန်မာစာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူပေါင်း (၁၁၅၂) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ စကုမြို့ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(မုန်တောင်) တို့ရှိ စာစစ်ဌာန (၃) ခု၌ ကျင်းပရာ ကျောင်းတွင်းကျောင်းပြင် ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ ကျောင်းသား (၅၃၉) ဦး၊ ကျောင်းသူ (၆၄၇) ဦး၊ စုစုပေါင်း (၁၁၈၆) ဦးရှိကြောင်း၊ ယနေ့ စာမေးပွဲပထမနေ့အဖြစ် မြန်မာစာ ဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား (၅၁၅) ဦး၊ ကျောင်းသူ (၆၃၇) ဦး၊ စုစုပေါင်း (၁၁၅၂) ဦးရှိပြီး ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား (၂၄) ဦး၊ ကျောင်းသူ (၁၀) ဦး၊ စုစုပေါင်း (၃၄) ဦးရှိကာ ဖြေဆိုသည့် ရာခိုင်နှုန်းအားဖြင့် (၉၇) ဒသမ (၁၃) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်ကပြောသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေမှုများကို မင်းဘူးခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံးရေးတပ်ဖွဲ့ ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက နေ့စဉ် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)