​​​​​​​တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အခြေခံပညာဆရာ၊ ဆရာမများ ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း ဖွင့်လှစ်နိုင်ရေးနည်းပြသင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် မတ် ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ်၊ အခြေခံပညာဆရာ၊ ဆရာမများ ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း ဖွင့်လှစ်နိုင်ရေးနည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို မတ် ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ က ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီ ကောလိပ်၊ တိက္ခပညာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ဆရာဟူသည် ထာဝရကျောင်းသားကြီး ဖြစ်သည်နှင့်အညီ မိမိကိုယ်ကို ပြန် လည်သုံးသပ်၍ အသစ်အသစ်သော ပညာရပ်များကိုလည်း အစဉ်အမြဲလေ့လာဆည်းပူးနေရမည် ဖြစ်ကြောင်း၊ ဒါ့အပြင် အမျိုးသားအဆင့်၊ နိုင်ငံတကာအဆင့်များနှင့်ချိတ်ဆက်ပြီး အရည်အသွေးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးဟာ နိုင်ငံသားတစ်ဦးချင်းစီ၏ ဘဝအဆင့်အတန်း တိုးတက်မြင့်မားစေရန် အခွင့်အလမ်းများ ဖန်တီးပေးပြီး နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း  အထောက်အကူဖြစ်စေကြောင်း၊  နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် တန်ဖိုးကြီးပြီး အရင်းအနှီးသည် ပညာရေးဖြစ်ကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း၏ မဟာဗျူဟာမြောက်ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး သင်ကြားရေးပိုင်းပါ အားဖြည့်ပံ့ပိုးကူညီပေးလျက်ရှိကြောင်း၊ ပညာသည်မကုန်ခမ်းနိုင်သော အရင်းအမြစ်ဖြစ်သည့်အတွက် ပညာရေးအဆင့်အတန်း မြင့်မားအောင် နိုင်ငံတော်အနေဖြင့် ပညာရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့်အညီ ပြောင်းလဲရေးဆွဲခြင်း၊ အရည်အသွေး မြင့်မားသောပညာရေးဖြစ်စေရေးအတွက် ယခုကဲ့သို့ဆရာ၊ ဆရာမများ၏ သင်ကြားရေးအရည်အသွေးမြှင့်တင်နိုင်ရန်အတွက် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်းများကို ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ မဟာပညာရေးဘွဲ့ရ ဆရာ၊ ဆရာမ (၂၅) ဦးဖြင့် သင်တန်းပေးလေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း၊ နည်းပြများထဲတွင် အထက်တန်းပြဆရာ၊ ဆရာမများအပြင် အထက်တန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ်များပါ တက်ရောက်လာတာကိုလည်း ကြားသိရသည့်အတွက် ဝမ်းသာဂုဏ်ယူမိကြောင်း၊ သင်တန်းတွင် ဘာသာရပ် (၁၈) ခုကို သင်ကြားပို့ချပေးပြီး ဖြစ်သကဲ့သို့ ခရိုင်များတွင် ကျင်းပမည့် သင်တန်းများတွင်လည်း ထိရောက်စွာ ပြန်လည်ပို့ချပေးနိုင်ရန်အတွက် အထူးအလေးပေး ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ထားဝယ်ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်နီနီသန်းက သင်တန်းကျင်းပရခြင်း လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက သင်တန်း သား ဆရာ/ မများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)