ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ရပ်ဝေးဒေသများမှ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံအားပေး

ဘားအံ မတ် ၁၇

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၁၇ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုကြတော့မည်ဖြစ်ရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် စာမေးပွဲဖြေဆိုရန် ဘားအံမြို့တွင် ရောက်ရှိတည်းခိုနေထိုင်သော ရပ်ဝေးဒေသများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများနှင့် မိဘအုပ်ထိန်းသူများအား မတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းက လိုက်လံတွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး စားသုံးကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက္ကသိုလ်ဝင်တန်းဖြေဆိုရန် ဘားအံမြို့ပေါ်တွင် ရောက်ရှိတည်းခိုနေထိုင်သော ကော့ကရိတ်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၁၈၈ ဦး၊ ဆရာ၊ ဆရာမ ၁၀၂ ဦးနှင့် ကျောင်းသားမိဘအုပ်ထိန်းသူ ၅၁ ဦးတို့အား ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက် မဲဘောင်ဘုန်းတော်ကြီးကျောင်း၌ သွားရောက်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က စာမေးပွဲ ဖြေဆိုနေစဉ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို အထူးအလေးထား၍ ပြီးမြောက်အောင်မြင်စွာဖြေဆိုကြကာ ဂုဏ်ထူးများဖြင့်ထူးချွန်စွာအောင် မြင်ကြပါစေကြောင်း အားပေးစကား ပြောကြားကာ တာဝန်ရှိသူများနှင့်အတူ ချီးမြှင့်ငွေ၊ ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥအစရှိသော စားသုံးကုန်ပစ္စည်းများကို ချီးမြှင့်ပေးအပ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း (ခွဲ) တွင် ရောက်ရှိတည်းခိုနေထိုင်သော ဝဲကရင်၊ မုက္ကဒိ၊ ဖဲကဒါကျေးရွာ၊ ကော့ကဒါ၊ လွန်းည ကျေးရွာများမှ ကျောင်းသားကျောင်းသူ၊ ဆရာ၊ ဆရာမ၊ မိဘအုပ်ထိန်းသူ ၁၃၈ ဦးတို့ကိုလည်းကောင်း၊ ဘားအံမြို့၊ အမှတ် (၁၀) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ရောက်ရှိ တည်းခိုနေထိုင်သော ခရာအတွင်း၊ ကျုံဖဲ၊ နောင်ကျန်ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ မိဘအုပ်ထိန်းသူပေါင်း ၁၃၄ ဦးတို့ကိုလည်းကောင်း ရင်းနှီးနွေးထွေးစွာ သွားရောက်တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥ အစရှိသည့် စားသောက် ကုန်ပစ္စည်းများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အတုလရန်အောင် ဘုန်းတော်ကြီးကျောင်း ဆရာတော်နှင့်ခြံကလေးအောင်ရတနာကျောင်းဆရာတော်တို့အား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြကာ အတုလရန်အောင် ဘုန်းတော်ကြီးကျောင်းတွင် ရောက်ရှိတည်းခိုနေထိုင်သော အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဖအွံကော့ကျိုက်မှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ၊ မိဘအုပ်ထိန်းသူပေါင်း ၁၉၅ ဦးတို့အား သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥ အစရှိသော စားသောက် ကုန်ပစ္စည်းများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထိုသို့ သွားရောက်တွေ့ဆုံအားပေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အေးချမ်းပျော်ရွှင်စွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် တည်းခိုနေထိုင်ရာ နေရာထိုင်ခင်းနှင့် စားရေး၊ သောက်ရေးအဆင်ပြေစေရေး၊ ရေ၊ မီး၊ မိလ္လာပြည့်စုံလုံလောက်မှုရှိစေရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား တာဝန်ရှိသူများအား မှာကြားကာ ကရင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန ၁၂ ခု၊ ကျောင်းသား၊ ကျောင်းသူ ၃၅၀၀ ကျော်ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)