ပွင့်ဖြူ မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့ (အ.ထ.က)စာစစ်ဌာနနှင့် ကုန်းဇောင်းကျေးရွာ(အ.ထ.က)စာစစ်ဌာနတို့တွင် စတင်ဖြေဆိုကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စားမေးပွဲ ဝင်ရောက်ဖြေဆိုရန် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူဦးရေအနေဖြင့် အတွင်းဖြေဆိုသူ ၉၆၅ ဦး၊ ပြင်ပဖြေဆိုသူ ၁၀၇ ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၀၇၂ ဦးရှိကြောင်းသိရကာ ယနေ့ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုကျင်းပရာ အခြေခံပညာစာစစ်ဌာန (၂)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျား (၄၅၃) ဦး၊ မ (၅၄၃)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၉၉၆)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုရန် ပျက်ကွက်သူဦးရေ ကျား (၃၉) ဦး၊ မ (၃၇) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၇၆)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နိုင်ငံတစ်ဝန်း ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ဝင်ရောက်ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကျောင်းသားမိဘများက ကွင်းဆင်းကြီးကြပ်၍ လုံခြုံရေးကိစ္စများနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)