အောင်လံ မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို ယနေ့မှ စတင်ကျင်းပလျက်ရှိရာ စာစစ်ဌာန အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဦးစွာ စာမေးပွဲ ဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုကတ်များ မှန်/မမှန် စစ်ဆေးခြင်းများနှင့် လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ တက္ကသိုလ်ဝင် စာမေးပွဲများ ဖြေဆိုလျက်ရှိရာ တက္ကသိုလ်ဝင်စာမေးပွဲသို့ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်ရှိ စာစစ်ဌာန ၆ ခု၌ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိရာ အ.ထ.က-၁ (အောင်လံ) စာစစ်ဌာန၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၇၄၅) ဦးတွင် ဖြေဆိုသူ (၇၁၉) ဦး၊ အ.ထ.က-ပြလို့ စာစစ်ဌာန၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၃၆) ဦးတွင် ဖြေဆိုသူ ၁၃၄ ဦး၊ အ.ထ.က-ကျီရပ်ကုန်း စာစစ်ဌာန၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၈၃) ဦးတွင် ဖြေဆိုသူ (၈၁) ဦး၊ အ.ထ.က-သမ္ဘူလ စာစစ်ဌာန၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၈၀) ဦးတွင် ဖြေဆိုသူ (၇၇) ဦး၊ အ.ထ.က-ရွှေပန်းတော စာစစ်ဌာန၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၃၈) ဦးတွင် ဖြေဆိုသူ (၃၆) ဦး၊ အ.ထ.က-ညောင်ပင်ဆိပ် စာစစ်ဌာန၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၆၁) ဦးတွင် ဖြေဆိုသူ (၅၅) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၁၀၂) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုသည့် ရာခိုင်နှုန်းအနေဖြင့် ၉၆.၄၁ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ကျောင်းဝန်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် များက စနစ်တကျ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။
၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်နေ့တွင် စတင်ဖြေဆိုပြီး၊ မတ်လ ၂၂ ရက်နေ့ထိ တစ်ရက်တစ်ဘာသာနှုန်းဖြင့် ဆက်တိုက်ဖြေဆိုသွားမည် ဖြစ်ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)