ဆင်ပေါင်ဝဲ မတ် ၁၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မီးသတ်ဦးစီးဌာနမှ ဆင်ပေါင်ဝဲစာစစ်ဌာနတွင် လာရောက်ဖြေဆိုမည့် ရပ်ဝေးကျောင်းသား၊ ကျောင်းသူများ၏ တည်းခိုနားနေဆောင်များအား ယမန်နေ့ ညနေ ၄ နာရီအချိန်က မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင်လက်ထောက်မီးသတ်ဦးစီးမှူး ဦးချစ်ထွေးဦးဆောင်၍ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်းအဖွဲ့များက ရပ်ဝေး ကျောင်းသား၊ ကျောင်းသူများ၏ တည်းခိုနားနေဆောင်များသို့ သွားရောက်၍ ပြည်သူများအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးကိုစနစ်တကျအသုံးပြုစေရေး၊ လျှပ်စစ်မီးသုံးစွဲသူများအနေဖြင့် မိမိတို့တည်းခိုဆောင်နေအိမ်များအတွင်း သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများအား အရည်အသွေးကောင်းမွန်သော အမျိုးအစားများ သုံးစွဲကြပါရန်နှင့် ထင်းမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်သူများအနေဖြင့် မီးကြွင်းမီးကျန်များကို စနစ်တကျမီးငြှိမ်းသတ်စေရန်၊ မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ အသင့်ထားရှိရန် လိုအပ်ကြောင်း၊ မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ် ဆောင်ရွက်ပေးကြရန် စသည့်တို့ကို ကွင်းဆင်းစစ်ဆေး အကြံပေးခဲ့ကြကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)