ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးမှု အောင်မြင်စွာ ပြီးစီး

ပေါင်းတည် မတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ် နွေစပါးသီးနှံ စိုက်ပျိုးမှုကို မတ်လဒုတိယပတ်အတွင်း အောင်မြင်စွာ စိုက်ပျိုးပြီးစီးခဲ့​ပြီဖြစ်ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ပေါင်းတည်မြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးမှု စတင်နိုင်ရန် ဝဲကြီးရေလှောင်တမံမှ စိုက်ပျိုးရေကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စတင်ပေးဝေခဲ့ပြီး တောင်သူများ နွေစပါးစိုက်ပျိုးမှုဖြစ်ထွန်းအောင်မြင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိကာ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးနှင့်အတူ တောင်သူများအကျိုးဖြစ်ထွန်းရေး၊ နိုင်ငံအတွင်းစားရေရိက္ခာဖူလုံပြည့်စုံစေရေးတို့အတွက် နိုင်ငံတော်၏လမ်းညွှန်မှုများနှင့်အညီ မြို့နယ်စိုက်ပျိုးမှုကြီးကြပ်ရေးအဖွဲ့သည် တောင်သူများနှင့် ပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း၊ တောင်သူများအတွက် စိုက်ပျိုးရေး သွင်းအားစုများ၊ စိုက်ပျိုးစရိတ်များ၊ အထွက်ကောင်းမျိုးကောင်းမျိုးသန့်စပါးမျိုးစေ့များ၊ စိုက်နည်းစနစ်များနှင့်လိုအပ်သော စိုက်ပျိုးကိရိယာနှင့် ကောက်စိုက်စက်များကိုလည်း ဖြည့်ဆည်းကူညီ ပံ့ပိုးဆောင်ရွက်ခဲ့ပေးကြကြောင်း စိုက်ပျိုးရေးဦးစီးဌာနနှင့်စက်မှုလယ်ယာဦးစီးဌာနတို့မှ သိရသည်။

ထို့ပြင် ခေတ်မီစိုက်နည်းစနစ်များဖြင့် စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်း ပြည့်မီကျော်လွန်ရေးတို့အတွက် သရုပ်ပြစိုက်ပျိုးပွဲများပြုလုပ်ပြသခြင်း၊ အသိပညာပေးဆွေးနွေးပွဲများပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ယင်းသို့ နွေစပါးစိုက်ပျိုးရာ၌ တောင်သူများအား လေလွင့်ဆုံးရှုံးမှုများသော၊ စနစ်မကျသော ကြဲပက်စိုက်ပျိုးခြင်းကို စွန့်လွှတ်စေကာ ပျိုးထောင်စိုက်ပျိုးခြင်း၊ အစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်တို့ဖြင့် စနစ်တကျစိုက်ပျိုးခြင်းတို့ကို အားပေးခဲ့ကြရာ ယခုနှစ်တွင် နွေစပါး စိုက်ပျိုးရန်လျာထားချက်နှင့်အညီ စုစုပေါင်း ၂၆၀၁၀ ဧကကို အောင်မြင်စွာစိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရွှေသား(IPRD)