ဟင်္သာတ မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်သည် ယမန်နေ့ နေ့လယ်ပိုင်းက ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ အ.ထ.က ဒူးယားကျောင်းသို့ ရောက်ရှိရာ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်မြင့်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်းနှင့်တာဝန်ရှိသူများက ကြိုဆိုခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးမှ စာဖြေခန်းများဆောင်ရွက်ထားမှု၊ လုံခြုံရေးဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေးပြီး စာစစ်ကြီးကြပ်ရေးအဖွဲ့များအား လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးနှင့်တာဝန်ရှိသူများမှ မြို့ပေါ်ရှိစာစစ်ဌာန ဖွင့်လှစ်ထားသော ကျောင်းများနှင့်နတ်မော်တိုက်နယ်၊ နိဗ္ဗာန်တိုက်နယ်၊ ရှားခဲတိုက်နယ်တို့ရှိ စာစစ်ဌာနများသို့သွားရောက်ပြီး စာဖြေခန်းများ ဆောင်ရွက်ထားမှု၊ လုံခြုံရေးများစီစဉ်ဆောင်ရွက်ထားမှု၊ မီးဘေးလုံခြုံရေးနှင့်ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာစာဖြေဆိုနိုင်ရေး စီစဥ်ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှု့စစ်ဆေးခဲ့ပြီးလိုအပ်သည်များအား ခရိုင်နှင့်မြို့နယ် ရပ်ကျေးအဆင့်ဆင့် တာဝန်ရှိသူတို့အားလမ်းညွှန်မှာကြားခဲ့သည်။
ဟင်္သာတမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၃)ခု၌ ကျောင်းသား၊ ကျောင်းသူ(၂၄၂၄)ဦးတို့ ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌစီမံမှုဖြင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများ၊ လုံခြုံရေးအဖွဲ့များနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)