ဖျာပုံ မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၁၁)ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများစာမေးပွဲကို အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ယမန်နေ့ညနေပိုင်းအချိန်က ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများမှ စာမေးပွဲကျင်းပမည့် စာစစ်ဌာနကျောင်းများ ပြင်ဆင်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါ စာစစ်ဌာနကျောင်းများအား ကြည့်ရှုစစ်ဆေးရာတွင် ဖျာပုံခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူးဦးဝင်အောင်၊ ဖျာပုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များမှ ကျောင်းသား/သူများ စာမေးပွဲလာရောက်ဖြေဆိုရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေး၊ စာစစ်ဌာနကျောင်းများ အပြင်စည်း အတွင်းစည်း လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ စာစစ်ဌာနများအလိုက် စာမေးပွဲဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှုများ၊ စာစစ်ဌာနကျောင်းများရှိ စာစစ်မှူးရုံးခန်း၊ စာဖြေခန်းများ၊ ကျန်းမာရေးခန်း၊ သန့်စင်ခန်း၊ စာဖြေအဝင်၊ အထွက်ဂိတ်များ ပြင်ဆင်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။ ဖျာပုံမြို့နယ်အနေဖြင့် စာစစ်ဌာန(၁၁)ခု၌ တက္ကသိုလ်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူ (၁၆၃၂)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)