မင်းလှမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် စာစစ်ဌာနများအား ကြည့်ရှုစစ်ဆေး

မင်းလှ မတ် ၁၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကျင်းပမည့် အ.ထ.ကမင်းလှ(မြို့ပြင်)စာစစ်ဌာနနှင့် အ.ထ.က(စစ်ကွင်း)စာစစ်ဌာနများအား တည်ငြိမ်အေးချမ်းအောင်မြင်စွာဖြေဆိုနိုင်ရန်အတွက် ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် တာဝန်ရှိအဖွဲ့က လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးဝင်းနိုင်ဦး၊ မြို့နယ်ပညာရေးမှူးဒေါ်ကြည်ကြည်ချိုနှင့် တာဝန်ရှိသူများက စာစစ်ဌာနများ၌ ကျောင်းလုံခြုံရေးစည်းများ သေချာစွာကြပ်မတ်ဆောင်ရွက်ရန်၊ ကျောင်းသား/သူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်အတွက် မလိုလားအပ်သော ပြဿနာများမဖြစ်ပွားစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ဂရုစိုက်ဆောင်ရွက်ရန်၊ လျှပ်စစ်မီးပြတ်တောက်ခဲ့လျှင် မီးစက်များ အသင့်ပြင်ဆင်ထားရေး၊ သောက်သုံးရေများ သန့်ရှင်းစွာထားရှိရေးတို့ကို‌ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာမေးပွဲဖြေဆိုမည့်အခန်းများကိုကြည့်ရှုပြီး စာရေးခုံများကြံ့ခိုင်မှုရှိရေး၊ ကောင်းမွန်သော အလင်းရောင် ရရှိမှု ရှိ/မရှိ၊ လေဝင်လေထွက်ကောင်းမွန်ရေး၊ မီးဘေးအန္တရာယ် မဖြစ်ပွားစေရန်အတွက် ပတ်ဝန်းကျင်သန့်ရှင်းရေးဆောင်ရွက်ထားမှု၊ ရေကန်များတွင် ရေသိုလှောင်ထားရှိမှု၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။

ကိုပေါက် (ပြန်/ဆက်)