အင်္ဂပူ မတ် ၁၆
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်သည် ယမန်နေ့ နေ့လယ်ပိုင်းက မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အ.ထ.က (ကွင်းကောက်) သို့ရောက်ရှိရာ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ အင်္ဂပူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့သည်။
လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ စာဖြေခန်းများဆောင်ရွက်ထားမှု၊ လုံခြုံရေးဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေးပြီး အစည်းဝေးခန်းမ၌ စာစစ်ကြီးကြပ်ရေးအဖွဲ့များအားတွေ့ဆုံ၍ လိုအပ်သည်များအားလမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ ဝန်ကြီးနှင့်တာဝန်ရှိသူများမှ အ.ထ.က (သုံးကွင်းဆိုင်) ၊ အ.ထ.က (ထန်းပင်ကုန်း) ၊ အ.ထ.က (အင်္ဂပူ) ၊ အ.ထ.က (မဲဇလီကုန်း) ၊ အ.ထ.က (ထူးကြီး) စသည့် စာစစ်ဌာနများသို့သွားရောက်ပြီး စာဖြေခန်းများဆောင်ရွက်ထားမှု၊ လုံခြုံရေးများစီစဉ်ဆောင်ရွက်ထားမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
အင်္ဂပူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန အင်္ဂပူမြို့နယ်တွင် စာစစ်ဌာန (၇) ခု၌ ကျောင်းသား၊ ကျောင်းသူ (၁၂၅၃) ဖြေဆိုမည်ဖြစ်ပြီး ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာစာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံမှုဖြင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများ၊ လုံခြုံရေးအဖွဲ့များနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မန်းကျော် (ပြန်/ဆက်)