မုံရွာ မတ် ၁၆
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅) ဖွင့် ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကလေးမြို့၊ ကလေးခရိုင်၊ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရန်အတွက် ဒေသဆိုင်ရာအာဏာပိုင်များ၏ အား၊ စာကြည့်တိုက်ကော်မတီဝင်များ၏အား၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ အားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၏အားဆိုသည့် အား လေးအားကလည်း အဓိကကျသကဲ့သို့ ဗဟုသုတများစွာ ပေးစွမ်းနိုင်သည့် စာကြည့်တိုက် များ စနစ်တကျလည်ပတ်ရန်အတွက် စာကြည့်တိုက်မှူးများသည် အရေးပါလှပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာအောင် ပူးပေါင်းဆောင် ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်က ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအတွက် သုတရသစာအုပ် ၁၀၀ အုပ်အားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ချိုက အခြေခံစာကြည့်တိုက်ပညာ သင်တန်းအတွက် ငွေကျပ်-၃၇၅၀၀၀ (သုံးသိန်းခုနှစ်သောင်းငါးထောင်)ကျပ်အား ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးထံ ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား/ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးရှိ ကွန်ပျူသင်တန်းခန်းမနှင့် စာကြည့်တိုက်အတွင်း ကလေးစာဖတ်ခန်းအတွင်း ဒေသခံ ပြည်သူများနှင့် ကလေးသူငယ်များ စာပေဖတ်ရှုလေ့လာနေမှုများနှင့် ပြတိုက်ငယ်တို့အား လိုက်လံကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများနှင့် ကလေးငယ်များအား အမှတ်တရလက် ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)