ပေါင်းတည် မတ် ၁၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကျင်းပမည့် စာစစ်ဌာနများ၏ ပြင်ဆင်ထားရှိမှုနှင့် မီးဘေးလုံခြုံမှုအခြေအနေ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များကဦးဆောင်၍ မြို့နယ်ပညာရေးမှူးဒေါ်ခင်သင်းရီ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးစည်သူဝင်းနှင့် တပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ကြည်လင်လန်းဆန်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကျောင်းဆောင်များ၊ စာဖြေခန်းများ အတွင်းအပြင်ပတ်ဝန်းကျင် သန်ရှင်းသပ်ရပ်ရေး၊လေဝင် လေထွက်ကောင်းမွန်စေရေး၊ စာဖြေစာပွဲနှင့် ထိုင်ခုံများကောင်းမွန်စေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများအခြေအနေနှင့် အရေးပေါ်အသုံးပြုနိုင်ခြင်း ရှိမရှိစစ်ဆေးခြင်း၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းအသုံးပြုနေမှု၊ရေသိုလှောင်ထားရှိမှု၊ မီးကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အမှိုက်သရိုက်များရှင်းလင်းထားရှိမှု အခြေအနေများကို လှည့်လည်စစ်ဆေးကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် စာစစ်ဌာန ၁ ခုနှင့် အရန်စာစစ်ဌာန ၁ ခုထားရှိပြီး မတ်လ ၁၇ ရက်မှ စတင်ဖြေဆိုကြမည်ဖြစ်ကြောင်းနှင့် စုစုပေါင်း ၄၃၁ ဦးဖြေဆိုကြမည်ဖြစ်ကြောင်း သိရသည်။
ရွှေသား (IPRD)