ဒေးဒရဲ မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကို အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ သက်ဆိုင်ရာစာစစ်ဌာနများအား မေးခွန်းလွှာများ စိစစ်ထုတ်ပေးနေမှုနှင့် စာမေးပွဲကျင်းပမည့် စာစစ်ဌာနကျောင်းများ ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနများရှိ ကြီးကြပ်ရေးဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ ကျေးရွာများရှိ စာစစ်ဌာနများသို့ မေးခွန်းလွှာများအား လုံခြုံမှုရှိစေရေးစနစ်တကျထုတ်ပေးနေမှု၊ ကျောင်းသား၊ ကျောင်းသူများစာမေးပွဲ လာရောက်ဖြေဆိုရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေး၊ စာစစ်ဌာနကျောင်းများ အပြင်စည်းအတွင်းစည်း လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ စာစစ်ဌာနများအလိုက် စာမေးပွဲဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှုများ၊ စာစစ်ဌာနကျောင်းများရှိ စာစစ်မှူးရုံးခန်း၊ စာဖြေခန်းများ၊ ကျန်းမာရေးခန်း၊ သန့်စင်ခန်း၊ စာဖြေအဝင်အထွက်ဂိတ်များ ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အေဇာလင်း