စစ်ကိုင်း မတ် ၁၅
စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပန်းချီပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးယဉ်မင်းအောင်က နွေရာသီကျောင်းပိတ် ရက်များတွင် မိမိတို့ရုံး၌ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်ခဲ့ပြီး သင်တန်းသို့တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအား မိမိတို့သင်ယူလေ့လာခဲ့သည့် ပန်းချီပညာရပ်အပေါ်တွင် မည်မျှစိတ်ဝင်စားမှုရှိပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိသည်ကို အကဲ ဖြတ်စိစစ်ရန်အတွက် ယခုပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်းဖြင့် ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး ပန်းချီပညာ ရှင် ဦးထွဏ်းထွဏ်းဦးက ပြိုင်ပွဲစည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ဦးစီးမှူး ဦးယဉ်မင်းအောင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါပန်းချီပြိုင်ပွဲသို့ အခြေခံပန်းချီသင်တန်း တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ (၃၀) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)