(၈၀)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပျဉ်းမကွင်း-မြစ်ကြိုး ဆိပ်ခံတံတားသစ်ဖွင့်ပွဲ အခမ်းအနား ကျင်းပ

ငပုတော  ဖေဖော်ဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ (၈၀)နှစ်မြောက် တပ်မ‌တော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း တိုင်းဒေသကြီးရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ပျဉ်းမကွင်း-မြစ်ကျိုး ဆိပ်ခံတံတားသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားမှူးက ပျဉ်းမကွင်းမြစ်ကျိုးကျေးရွာ ဆိပ်ခံတံတားဆောက်လုပ်မှုအကျဉ်းအား ရှင်းလင်းတင်ပြပြီးနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲ တမ်းအတွင်းဝန် ဦးခန့်ဇော်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်၊ ပျဉ်းမကွင်း-မြစ်ကျိုးကျေးရွာ ဆိပ်ခံတံတားကော်မတီဥက္ကဋ္ဌ ဦးဇော်ဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကာ ဆိပ်ခံတံတားသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

အဆိုပါ ပျဉ်းမကွင်း-မြစ်ကျိုးဆိပ်ခံတံတားသစ်အား ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ်  (၅၇.၀၀၆သန်း)ဖြင့် ခွန်းဆက် family ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး အဆိုပါဆိပ်ခံတံတားသစ် တည်ဆောက်ပြီးစီးမှုကြောင့် မြစ်ကျိုးကျေးရွာရှိ တောင်သူ(၂၀)ဦးမှ ထွက်ရှိသော ဆန်စပါးနှင့် ဒေသထွက် စိုက်ပျိုးရေး သီးနှံများ ဓနိ၊ ထင်း၊ မီးသွေး၊ သစ်ဝါး အစရှိသော ဒေသထွက်ထွက်ကုန်များကို ပျဉ်းမကွင်းမြစ်ကျိုးကျေးရွာ ဆိပ်ခံတံတားမှတစ်ဆင့် တံတား၏ ပတ်ဝန်းကျင်ကျေးရွာများဖြစ်သော ကျုံကူး၊ ရေကျော်၊ ညောင်းဝိုင်း၊ သဲကုန်းကြီး၊ ရေတွင်းကုန်း၊ လူပု၊  စသည့် ကျေးရွာများသို့ လွယ်ကူစွာ ကူးသန်းရောင်းဝယ်နိုင်မည့်အပြင် ကျေးရွာနေ ပြည်သူများ၏ ပညာ‌ရေး၊ ကျန်မားရေး၊ စီးပွားရေး၊ လူမှုရေးတို့အတွက် များစွာအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)