ပုသိမ် မတ် ၁၅
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်သည့် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်နေသော တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်ခြင်းနှင့် ပတ်သက်၍ ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးထံသို့ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပြီး မော်တော်ယာဉ်များပေါ်သို့ စားသောက်ဖွယ်ရာများ သယ်ယူတင်ပို့နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ယမန်နေ့နေ့လယ်ပိုင်းက လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အရာရှိကြီးများ၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများက video conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ယာယီနေရပ်စွန့်ခွာ ကျောင်းသား/ကျောင်းသူများအား သာပေါင်း၊ ချောင်းသာနှင့် ပုသိမ်မြို့များရှိ စာစစ်ဌာနများတွင် ဖြေဆိုနိုင်ရေးဆောင်ရွက်ထားရှိကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန စုစုပေါင်း (၂၄၅)ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အန္တရာယ်ကင်းစွာ ဖြေဆိုနိုင်ရေးအတွက် စီမံချက်များ ရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စာစစ်ဌာနများတွင် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အပြင် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ ပူးပေါင်းကာ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာစစ်ဌာနများတွင် ထူးခြားမှုများရှိပါက အချိန်မီ သတင်းပေးပို့ ဆောင်ရွက်ကြရန်လိုကြောင်း၊ ကျောင်းသား/ကျောင်းသူများ လမ်းခရီးသွားလာမှု အဆင်ပြေစေရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာစေရေး အသိပေးနှိုးဆော်သွားရန်နှင့် မြစ်ချောင်းများ ဖြတ်ကူး၍ ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအတွက် ဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာမေးပွဲဖြေဆိုချိန်ကာလအတွင်း လျှပ်စစ်မီးအခက်အခဲမရှိစေရေး သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ပူပြင်းသည့်ကာလဖြစ်သောကြောင့် မီးဘေးအန္တရာယ်ဂရုပြု ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာစစ်ဌာနများတွင် ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရေးအတွက် အသင့်ပြင်ဆင်ဆောင်ရွက်ထားရှိရန်နှင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန်” မှာကြားခဲ့ပြီး အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးက မြို့နယ်များအလိုက် စာစစ်ဌာနများ၏ လုံခြုံရေးအနေဖြင့် တပ်မတော်၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကွပ်ကဲမှုစင်တာထားရှိ၍ သတင်းချိတ်ဆက်မှုမြန်ဆန်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွက် လုံခြုံရေးဆောင်ရွက်မည့် အစီအမံများကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ တိုင်းဒေသကြီးပညာရေးမှူးက တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအတွက် ပညာရေးဌာနမှ ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက စာမေးပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သတင်းရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)