ကန့်ဘလူမြို့၌ အခြေခံပန်းချီပြိုင်ပွဲနှင့် အခြေခံပန်းချီ သင်တန်း(မူဆင့်)ဆင်းပွဲ ကျင်းပ

ကန့်ဘလူ မတ် ၁၅

နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား/ကျောင်းသူများ စာကြည့်တိုက်နှင့် ရင်းနှီးပြီး စာပေကို ချစ်မြတ်နိုးတတ်လာစေရန် ရည်ရွယ်၍ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီပြိုင်ပွဲနှင့် အခြေခံပန်းချီသင်တန်း(မူဆင့်)ဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် တက်ရောက်နေသော သင်တန်းသားများအား အခြေခံပန်းချီပြိုင်ပွဲ ကျင်းပပြုလုပ်ပေးရာ သင်တန်းသား ကျောင်းသား/ကျောင်းသူ ၅၀ ဦးတို့က ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် အခြေခံပန်းချီသင်တန်း(မူဆင့်) ဆင်းပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က သင်တန်းဆင်း အမှာစကား ပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် နွေရာသီကျောင်းပိတ်ရက်ရှည်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချစေရန်၊ ကာယ၊ ဉာဏ၊ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်စေရန်နှင့် သင်တန်းမှ ပို့ချပေးခဲ့သည့် ပန်းချီပညာရပ်များကို ဆက်လက်ဆည်းပူးလေ့ကျင့်သွားကြရန် မှာကြားသည်။

ယင်းနောက် အခြေခံပန်းချီသင်တန်းတွင် ဆုရရှိသူ ကျောင်းသား/ကျောင်းသူအား လက် ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ဆုများ အသီးသီးချီးမြှင့်ပေးအပ်ပြီး သင်တန်းနည်းပြ ဆရာ ပန်းချီဦးစိုးမြင့်ဝေအား ဂုဏ်ပြုငွေများ ချီးမြှင့်ပေးအပ်သည်။ အခြေခံပန်းချီသင်တန်းကို မတ် ၅ ရက်မှ ၁၄ ရက်ထိ မျဥ်းဖြေင့်၊ မျဥ်းကွေး၊ အလင်းအမှောင်၊ အနိမ့်အမြင့်၊ အနီးအဝေး၊ အနိမ့်အမြင့်၊ လူပုံအဆင့်ဆင့်ရေးဆွဲနည်းများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်ငြိမ်း(ကန့်ဘလူ)