ကန့်ဘလူမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေဌာနနှင့် မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး

ကန့်ဘလူ မတ် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကန့်ဘလူမြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်လင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့နှင့်လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာနတို့ ပူးပေါင်းအဖွဲ့များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် အ.ထ.က(၁) ကန့်ဘလူစာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး ကျောင်းဆောင်များ၊ စာဖြေခန်းများ၊ ကျောင်းပတ်ဝန်းကျင်တို့တွင် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ကန့်ဘလူမြို့နယ်တွင် စာစစ်ဌာနနှစ်ခုရှိပြီး အ.ထ.က (၁) ကန့်ဘလူစာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသား ၉၀၄ ဦးနှင့် ထန်းကုန်းစာစစ်ဌာနတွင် ကျောင်းသားကျောင်းသူ ၁၀၉ ဦး စုစုပေါင်း ၁၀၁၃ ဦး ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင်လည်း မီးသတ်ဆေးဘူးထားရှိမှုများ၊ လျှပ်စစ်သုံးစွဲမှုများ၊ စက်သုံးဆီများ လုံခြုံစွာထားရှိမှုများအား ပူးပေါင်းအဖွဲ့ဝင်များက ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား အကြံပြု ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)