မြို့သစ်မြို့နယ်၊ ကနီကျေးရွာအနီး၊ ဗိဿနိုးသစ္စာပေါင်းကူးတံတားဖွင့်ပွဲ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်

မြို့သစ် မတ် ၁၄

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ဗိဿနိုးရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၊ ကနီကျေးရွာအနီး "ဗိဿနိုးသစ္စာပေါင်းကူးတံတား" ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတံတားသစ်မုခ်ဦးရှေ့တွင် ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်နှင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ကျေးရွာနေပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ သဲဖြူနှင့် မဟာမြိုင်တောရ သာသနာပြုဆရာတော်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်နှင့် တာဝန်ရှိသူများက "ဗိဿနိုးသစ္စာပေါင်းကူးတံတား" အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တာဝန်ရှိသူများနှင့် အဆိုပါမုခ်ဦးရှေ့တွင် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ယင်းနောက် သဲဖြူနှင့် မဟာမြိုင်တောရ သာသနာပြုဆရာတော်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်တို့မှ ကဗ္ဗည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့​ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဗိဿနိုးသစ္စာပေါင်းကူးတံတားအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း(ပြန်ဆက်)