စစ်ကိုင်းတိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာစားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မုံရွာ မတ် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်ပြီး မတ်လ(၁၅)ရက်နေ့တွင် ကျရောက်မည့် ၂ဝ၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူးနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရေးအတွက် ဈေးကွက်မရောက်မီနှင့် ဈေးကွက်အတွင်း ကုန်စည်နဲ့ဝန်ဆောင်မှုတွေကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊
စားသုံးသူအခွင့်အရေး အပြည့်အဝရရှိစေရေးအတွက် တိုင်ကြားနိုင်သည့်နည်းလမ်းများကို ပညာပေးခြင်း၊ တိုင်ကြားမည့်နည်းစနစ်များ တိုးချဲ့ဆောင်ရွက်ခြင်း၊ တိုင်ကြားမှုအပေါ် စေ့စပ်ညှိနှိုင်းဖြေရှင်းပေးခြင်း၊ စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီနဲ့ မြန်မာနိုင်ငံစားသုံးသူကော်မရှင် အဆင့်ဆင့်တို့က ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စားသုံးသူအခွင့်အရေးများဟာ စားသုံးသူပြည်များရဲ့ အသက်အိုးအိမ်၊ နေထိုင်မှု ဘေးကင်းလုံခြုံမှုအတွက် အကာအကွယ်ပေးခြင်း ဖြစ်ပါသည်။ ထိုမှတဆင့် တိုင်းပြည်အေးချမ်းတည်ငြိမ်ရေးအတွက် အဓိကလိုအပ်ချက်များကို ဖြည့်ဆည်းပေးတဲ့ အခွင့်အရေးများဖြစ်တဲ့အတွက် သက်ဆိုင်တဲ့ဌာနနဲ့ ဆက်စပ်ဌာနများအနေဖြင့် စားသုံးသူအခွင့်အရေးများအတွက် အလေးအနက်ထားပြီး ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းအဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်းနှင့် တစ်နှစ်တာလုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူးနှင့်အဖွဲ့သည် တက်ရောက်လာကြသူများနှင့်အတူ စားသုံးသူရေးရာဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် Video Clip ပြသမှုအား ကြည့်ရှုအားပေးပြီးနောက် စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် ဗဟိုအဆင့် ဆောင်းပါး၊ ကာတွန်းပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်

ယင်းနောက် “စားသုံးသူအခွင့်အရေး” တေးသီချင်းဖြင့် တင်ဆက်ခြင်း။ ယင်းနောက် “စောင့်ရှောက်ဝိုင်းကူစားသုံးသူ" သီချင်းဖြင့် တေးသရုပ်ဖော်တင်ဆက်မှုအား ကြည့်ရှုအားပေးပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားအပြီးတွင် တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)