မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်တွင် ရွှေစင်ရွှေပြား ရွှေသင်္ကန်းကပ်လှူခြင်း အလှူတော်မင်္ဂလာရေစက်ချမင်္ဂလာကျင်းပ

မြိတ် မတ် ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်အား စေတနာရှင်အလှူရှင်များက စေတနာသဒ္ဒါတရားထက်သန်စွာ လှူဒါန်းခဲ့ကြသည့် ရွှေစင် ရွှေပြားရွှေသင်္ကန်းကပ်လှူခြင်း အလှူတော်ရေစက်ချ မင်္ဂလာအခမ်းအနားကို တပေါင်းလပြည့်နေ့ ယမန်နေ့နံနက်(၉)နာရီက စေတီတော်ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အလှူတော်ရေစက်ချမင်္ဂလာကို ဆရာတော်သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿဗုဒ္ဓပဏာမဖြင့်ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် စေတီတော်သြဝါဒါစရိယဘဒ္ဒန္တပညာညိန္ဒာစာရ ရွှေကျောင်းဆရာတော်ထံမှ  ဧည့်ပရိတ်သတ်အပေါင်းတို့က ကိုးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး စေတီတော်ကြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစံရည်က အလှူတော်မင်္ဂလာနှင့်ပတ်သက်၍ လျှောက်ထားတင်ပြသည်။

ယင်းနောက် စေတီတော်သြဝါဒါစရိယ ဆရာတော်ကြီးများအား တာဝန်ရှိသူများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စေတနာရှင် အလှူရှင်များမှ လှူဒါန်းထားသည့် ရွှေစင်ရွှေပြားနှင့် ရွှေဆိုင်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ လှူဒါန်းမှု အစုစုအတွက် စေတီတော်သြဝါဒါစရိယ မဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဉာဏဝံသစံကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အလှူတော် ရေစက်ချမင်္ဂလာအခမ်းအနားကို သာသနာ့အဓိဌာန် (၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။

မြိတ်မြို့ကျက်သရေဆောင် လေးကျွန်းဆီမီးစေတီတော်ကို စေတနာရှင် အလှူရှင်များက စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် အလှူရှင်(၁၅)ဦးမှ ရွှေစင်ရွှေပြား(၂)ကျပ်သား (၁၇)ပြား၊ အလှူရှင်(၈)ဦးမှ ရွှေစင်ရွှေပြား(၁)ကျပ်သား (၈)ပြားနှင့် အလှူရှင်(၆၇)ဦးတို့မှ ရွှေသင်္ကန်း ရွှေဆိုင်းရာဆိုင်းများကို လှူဒါန်းခဲ့ကြသည်။ အလှူတော်ရေစက်ချမင်္ဂလာအပြီးတွင် စေတနာရှင် အလှူရှင်များက ရွှေစင်ရွှေပြားများကို စေတီတော်အား လက်ယာရစ်လှည့်ပတ်ပူဇော်၍ မင်္ဂလာပန်းရထားဖြင့် ရွှေစင်ရွှေပြားများကို စေတီတော်သို့ ပို့ဆောင်ကပ်လှူခဲ့ကြ‌သည်။ လေးကျွန်းဆီမီး စေတီတော်သည် ဉာဏ်တော်အမြင့်(၈၂)ပေ (၉)လက်မရှိပြီး နှစ်ပေါင်း(၂၉၃)နှစ် ကြာမြင့် ပြီဖြစ်ကြောင်း သိရသည်။

ခိုင်ထူး ( ပြန်/ဆက် )