အောင်လံ မတ် ၁၄
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ (၁၈၃)ကြိမ်မြောက်(သမိုင်းဝင်) ကုသိနာရုံတောင်တော်ဘုရားကြီး ဗုဒ္ဓမြတ်စွယ်တော်တိုက် ဖွင့်လှစ်ပူဇော်ခံခြင်းကို အောင်လံမြို့၊ ကုသိနာရုံတောင်တော် မြတ်စွယ်တော်တိုက်အတွင်း၌ တပေါင်းလပြည့်နေ့ (မြတ်ဗုဒ္ဓအခါ တော်နေ့) နံနက် ၈ နာရီက အောင်မြင်စွာဖွင့်လှစ်ပူဇော်ခဲ့ကြောင်းသိရသည်။
ဦးစွာ ကြွရောက်တော်မူလာကြသော မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဩဝါဒစရိယ ဆရာတော်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဗုဒ္ဓမြတ် စွယ်တော် တိုက်အား ဖွင့်လှစ်ပေးခဲ့ပြီး ဆရာတော်များမှ ဗုဒ္ဓမြတ်စွယ်တော်အား အနေကဇာတင်ခြင်း မင်္ဂလာချီးမြှင့်ခဲ့သည်။
ထို့နောက် အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား စတင်ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်မှ တက်ရောက်လာသည့် ခရိုင်/မြို့နယ်ဌာန ဆိုင်ရာများနှင့် ဧည့်ပရိတ်သတ်များကို သီလချီးမြှင့်ပေးခဲ့ပြီး၊ အောင်လံမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌမှ သာသနာရေးဆိုင်ရာ ကိစ္စများတင်ပြလျှောက်ထားခဲ့သည်။
ဆက်လက်၍ ဩဝါဒစရိယဆရာတော်ကြီးတစ်ပါးမှ ဩဝါဒကထာချီးမြှင့်ခဲ့ပြီး၊ သမိုင်းဝင် ကုသိနာရုံတောင်တော်ဘုရားကြီး ဂေါပဂဥက္ကဋ္ဌ ဦးအောင်ဝင်းမှ ရှေ့လုပ်ငန်းများ တင်ပြ လျှောက်ထားခဲ့ရာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)