သာပေါင်း မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့ မတ်လ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က နွေရာသီ(အခမဲ့)သင်တန်းများ ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နွေရာသီ(အခမဲ့)သင်တန်းများဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူကလေးများ အသိဥာဏ်ပညာ ဗဟုသုတဖွံ့ဖြိုးတိုးတက်လာစေရန် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊လိမ္မာ ယဉ်ကျေးလာစေရန်၊ ဖွင့်လှစ်သင်ကြားပေးသည့် ဘာသာရပ်များအလိုက် ကျွမ်းကျင်တက်မြောက်စေရန်စသည့် ရည်ရွယ်ချက် များဖြင့် သင်တန်းများဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် အခြေခံအင်္ဂလိပ်စာ Grammar သင်တန်း(အခမဲ့)ကို (၁၂၊၃၊၂၀၂၅)မှ (၄၊၄၊၂၀၂၅)ထိလည်းကောင်း၊ ယဉ်ကျေးလိမ္မာသင်တန်း(အခမဲ့)ကို (၁၂၊၃၊၂၀၂၅)မှ(၁၆၊၃၊၂၀၂၅)ထိလည်းကောင်း၊ အခြေခံပန်းချီသင်တန်း (အခမဲ့)ကို (၁၈၊၃၊၂၀၂၅)မှ(၂၂၊၃၊၂၀၂၅)ထိ လည်းကောင်း သင်တန်းဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး ဦးတည်ကျေးရွာများ ဖွံ့ဖြိုးရေးကွန်ယက်(Thabaung Development Network)မှ တာဝန်ရှိသူတစ်ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။
ထို့နောက်သင်တန်းနည်းပြ ဆရာဦးဟိန်းဆက်ပိုင်၊ အလယ်တန်းပြ မူလွန်(ကညင်ချောင်း)က တတ်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူ(၆၀)ဦးတို့အား အင်္ဂလိပ်စာ Grammar နှင့်ပတ်သက်၍ အသေးစိတ်မိတ်ဆက်ရှင်းလင်းကာ သင်ကြားပေးးခဲ့ပြီး အလယ်တန်းအဆင့် အင်္ဂလိပ်စာ Grammar သင်တန်း(အခမဲ့)ကို အပတ်စဥ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် နံနက် ၉ နာရီခွဲမှ ၁၀ နာရီ ၄၅ မိနစ်အထိ သင်ကြားပေးသွားမည်ဖြစ်သည်။
ယင်းနောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်တို့က သင်တန်းသား၊ သင်တန်းသူများကို အာဟာရပေါင်မုန့်များ ပေးဝေခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး