ကျောင်းသားလူငယ်များ အနုပညာအရည်အသွေးများ မြင့်မားလာစေရန် ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ထားဝယ် မတ် ၁၄

ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပန်းချီပညာရှင်များပူးပေါင်း၍ ကလေးငယ်များ၏ နွေရာသီကျောင်းပိတ်ရက်ကာလများတွင် မိမိနှစ်သက်သည့် ပန်းချီပုံရေးဆွဲခြင်းဖြင့် ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ အနုပညာအရည်အသွေးများ မြင့်မားလာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို မတ်လ ၁၂ ရက်နေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က ကျောင်းနေအရွယ်ကလေးငယ်များ ငယ်ရွယ်စဉ်မှစတင်ပြီး အခြေခံ ပန်းချီပညာကို တတ်မြောက်ထားရှိပြီး ပြိုင်ပွဲများတွင်ထူးချွန်စွာပါဝင်ယှဉ်ပြိုင်နိုင်ရန်၊ ကျောင်းပညာရေးအတွက် အထောက်အကူပြုစေရန်အတွက် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ပန်းချီပညာအား ဆက်လက်ဆည်းပူး၍ လေ့လာထားရန်လိုအပ်ကြောင်း၊  သင်တန်းကာလသည် တိုတောင်းသော်လည်း အတိုင်းအတာတစ်ခုအထိ တက်မြောက်မည်ဟု ယုံကြည် ကြောင်း၊ ကျောင်းသား/သူများအနေဖြင့် သင်ယူတက်မြောက်ထားသော ပန်းချီပညာဖြင့် ကျောင်းတွင်းပန်းချီပြိုင်ပွဲများတွင် ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ ဌာနအနေဖြင့် သင်တန်းများကိုလည်း ဆက်လက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပန်းချီပညာရှင်ဦးလှရွှေက ကျောင်းနေအရွယ်ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုတန်ဖိုးရှိရှိအသုံးချတတ်စေရန်၊ ပန်းချီပညာကို တတ်သိနားလည်ထားရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍လက်ထောက်ညွှန်ကြားရေးမှူးက သင်တန်းတွင်သင်ကြားပေးသောဆရာ၊ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂါရဝလက်ဆောင်များပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)