ထားဝယ် မတ် ၁၄
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၆ ခုနှစ်၊ တပေါင်းလပြည့်နေ့၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်လှူဒါန်းပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီက ထားဝယ်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တက်ရောက်လာသော ဧည့်သည်တော်များက အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး မင်္ဂလာဝိုင်းတော်အဖွဲ့က ထူးမခြားနားသီချင်းဖြင့် သီဆိုပူဇော်ကာ ထားဝယ်မြို့၊ ဃောသိတာရာမပါဠိတက္ကသိုလ် ကျောင်းတိုက်ပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသာမိဆရာတော်ကြီး ထံမှ(၅)ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္စျာယ်ချီးမြှင့်တော်မူသော အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ်တွင် တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ မဟာဂန္ထဝါစကပဏ္ဍိတ (၂)ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇ (၃)ပါး၊ မဟာကမ္မဌာနာစရိယ (၁)ပါး၊ ဂန္ထဝါစကပဏ္ဍိတ (၂)ပါး၊ သဒ္ဓမ္မဇောတိကဓဇ (၃)ပါး၊ ကမ္မဌာနာစရိယ (၁)ပါးနှင့် သီလရှင်ဆရာကြီး (၂)ပါးတို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းပြီး တာဝန်ရှိသူများက သံဃာတော်များနှင့် သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ ထားဝယ်မြို့၊ ဇေယျာဝတီစာသင်တိုက်၊ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ (ကူးတို့ဂိုဏ်း)ဥက္ကဋ္ဌ၊ အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တနန္ဒဝံသ ဆရာတော်ကြီးထံမှ အနုမောဒနာ တရားနာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
၄င်းနောက် တက်ရောက်လာကြသော ဧည့်သည်တော်များက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြပြီး မင်္ဂလာဝိုင်းတော်အဖွဲ့က အောင်စေပိုင်စေဓမ္မတေးဖြင့် သီဆိုပူဇော်ကာ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက ဆွမ်းဆန်တော်များ လောင်းလှူကြကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)