ထားဝယ်မြို့ ကျက်သရေဆောင်ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ကုသိုလ်ကောင်းမှုပြုသူများ တရားနာပရိတ်သတ်များဖြင့်စည်ကား

ထားဝယ် မတ် ၁၄

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်တွင် တစ်ရက်အပါအဝင်ဖြစ်သည့် တပေါင်းလပြည့်နေ့ဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေး နေ့ထူး နေ့မြတ်တစ်ရပ်ဖြစ်သည့် အခါအားလျော်စွာ ထားဝယ်မြို့၏အထင်ကရတစ်ခုဖြစ်သော ထားဝယ်မြို့ ကျက်သရေဆောင်ရွှေတောင်စားစေတီတော်မြတ်ကြီးတွင် ယနေ့ညနေပိုင်း၌ ကုသိုလ်ကောင်းမှု ပြုကြသူများနှင့်တရားနာပရိတ်သတ်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

သာသနာတော်အရှည် တည်တံ့ပြန့်ပွားစေရန်အတွက် မဟာပဋ္ဌာန်းကျမ်းအပါအဝင် အဘိဓမ္မာခုနစ်ကျမ်း အရှည်တည်တံ့စေရန်အတွက် ရှေးနှစ်ပေါင်းများစွာမှစ၍ တပေါင်းလရောက်တိုင်း ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်ကို ကျင်းပခဲ့ကြောင်း သိရသည်။

ထို့အတူသာကီဝင်မင်းမျိုးရဟန္တာဖြစ်မှု တစ်သောင်းပြည့်နေ့ ဖွားဖက်တော် ကာဠုဒါယီမထေရ်မြတ် ရဟန္တာဖြစ်သောနေ့တို့သည် တပေါင်းလပြည့်နေ့နှင့် တပေါင်းလ၏ ထူးခြားသောဖြစ်စဉ်များပင် ဖြစ်သည်။ တပေါင်းလပြည့်ကျော် (၁)ရက်တွင် ဗုဒ္ဓမြတ်စွာသည် မာဂဓတိုင်းသားသံဃာတစ်သောင်း၊ ကပိလဝတ်မြို့သားသံဃာတစ်သောင်းခြံရံလျက် ရာဇဂြိုဟ်ပြည်မှ ဖခမည်းတော်စံမြန်းရာ ကပိလဝတ်ပြည်သို့ ကြွမြန်းတော်မူခဲ့သည်။ ဤကဲ့သို့ထူးမြတ်သော တပေါင်းလပြည့်နေ့တွင်ဘုရား၊ ပုထိုး၊ စေတီ၊ ကျောင်းကန်များ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ ဥပုသ်သီလစောင့်ထိန်းကြသူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းကြသူများဖြင့် စည်ကားလျက်ရှိကြသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ဒေသတွင်သမိုင်းဝင်ရှင်ကိုးရှင်ဘုရားများ၊ ထားဝယ်မြို့ ကျက်သရေဆောင်လောက မာရဇိန်ဘုရားကြီးနှင့် ထားဝယ်ဒေသအတွင်းရှိ ဘုရား၊ ပုထိုး၊ စေတီများ တွင် ဗုဒ္ဓဘာသာဝင်များက တပေါင်းလပြည့်နေ့၊ နေ့ထူးနေ့မြတ်ဖြစ်သောကြောင့် ဗောဒီပင်များ၌ ညောင်ရေသွန်းလောင်းခဲ့ကြပြီး ဘုရားကြီးအပါအဝင် ဘုရားပုထိုးစေတီများ၌ ဆွမ်း၊ ဆီမီး၊ ရေချမ်းကပ်လှူခြင်း၊ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်း၊ မေတ္တသုတ်တော်စုပေါင်းရွတ်ဖတ်ပူဇော်ခြင်း၊ အလှူရှင်များ၏စတုဒိသာကျွေးမွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ဘုရားဖူးပြည်သူများ ဖြင့် စည်ကားလျက်ရှိသည်။

ထားဝယ်မြို့၏ အထင်ကရတစ်ခုဖြစ်သော ထားဝယ်မြို့ကျက်သရေဆောင် ရွှေတောင်စား စေတီတော်မြတ်ကြီးတွင် တပေါင်းလပြည့်နေ့ နေ့ထူးနေ့မြတ်ဖြစ်သည့်အားလျော်စွာ ထားဝယ်မြို့ရှိ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူများက ဗုဒ္ဓဘာသာဝင်သူများ ပီပီရွှေတောင်စား စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီးမီးများ ကပ်လှူပူဇော်ခဲ့ကြ ပြီးဗောဓိပင်များတွင် ညောင်ရေသွန်းလောင်းဆုတောင်းကြကာ ဘုရားဖူးလာသူများက အဓိဌာန်ပုတီးစိပ်ခြင်း၊ ဂုဏ်တော်များနှင့်ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)