ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတက်ရောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်လှူဒါန်း

ဘားအံ မတ် ၁၃

(၇၆)နှစ်မြောက်ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ယနေ့ နံနက် ၇ နာရီက ဘားအံမြို့နယ်၊ မြိုင်ကလေးရွာကြီး၊ ပအိုဝ်းအမျိုးသားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှတာဝန်ရှိသူများက (၇၆)နှစ်မြောက်ပအိုဝ်း အမျိုးသားနေ့အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ဆက်လက်ကျင်းပရာ သဘာပတိနှင့်အဖွဲ့ဝင်များက စင်မြင့်ထက်တွင်နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်အလံနှင့်ပအိုဝ်းအမျိုးသားအလံတို့ကို အလေးပြုကြကာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ခွန်သန့်ဇော်ထူးထံမှပေးပို့သောသဝဏ်လွှာကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဖတ်ကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပအိုဝ်းအမျိုးသားနေ့နှုတ်ခွန်းဆက်စကားပြောကြားပြီး(၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အောင်မြင်စွာကျင်းပနိုင်ရေး ငွေကျပ်သိန်း(၁၅၀)ကိုချီးမြှင့်ပေးအပ်ကာ ပအိုဝ်းတိုင်းရင်းသားလူငယ်တစ်ဦးက ပအိုဝ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို ပအိုဝ်းဘာသာဖြင့်ဖတ်ကြားတင်ပြသည်။

ဆက်လက်၍ ကရင်ပြည်နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ပညာရည်ထူးချွန်ဆုနှင့်ပွဲတော်ဖြစ်မြောက်ရေး ပူးပေါင်းပါဝင်သူများအားဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး (၇၆)နှစ်မြောက်ပအိုဝ်းအမျိုးသားနေ့ကျင်းပရေးကော်မတီဥက္ကဋ္ဌက ပအိုဝ်းအမျိုးသားနေ့ဆိုင်ရာများကိုရှင်းလင်းတင်ပြ၍ ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ (၇၆)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို (ပအိုဝ်းသွီ)တေးသီချင်းဖြင့် သီဆိုဖျော်ဖြေရုတ်သိမ်းသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်းခံရသော ကရင်ပြည်နယ်အတွင်းရှိ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့်လူပုဂ္ဂိုလ်တို့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းသည့်အခမ်းအနားကို မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဗုဒ္ဓရောင်တော်ဖွင့် ထူးမခြားနားသီချင်းခံ(၃)ပိုဒ်ဖြင့် ဘွဲ့ခံဆရာတော်များအားသီဆိုပူဇော်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ခေမာရာမကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသောပါကထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။

ထို့နောက် ဘားအံမြို့၊ သာမိကာရာမယသဝေါကျောင်းတိုက်ဆရာတော် ဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တကလျာဝုဓက သမ္မောဒနိယဩဝါဒကထာကို မြွတ်ကြားချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရစ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကတို့က ကြွရောက်ချီးမြှင့်တော်မူသောထေရ်ကြီးဝါကြီးဆရာတော်ကြီးများကို လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများဆက်ကပ်လှူဒါန်းကြပြီး သာသနာတော်ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီး(၄)ပါး၊ သီလရှင်ဆရာကြီး(၂)ပါးနှင့် လူပုဂ္ဂိုလ်တစ်ဦးတို့အား ဘွဲ့တံဆိပ်အဆောင်အယောင်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့သည် နိုင်ငံတော်ဩဝါဒါစရိယ ကျောင်းထိုင် ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းကာ ကြွရောက်ချီးမြှင့်တော်မူသော အထူးပင့်သံဃာတော်များ၊ ဘွဲ့ခံဆရာတော်များနှင့်ဘွဲ့ခံသီလရှင်ဆရာကြီးတို့အား ဆွမ်းဆန်စိမ်းလောင်းလှူ ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)