ဇီးကုန်းမြို့နယ်၌ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်

ဇီးကုန်း မတ် ၁၃

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီမှကြီးမှူး၍ အားကစားကဏ္ဍပိုမိုတိုးတက်လာစေရန်၊ စနစ်တကျနားလည်စေရန်နှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်းလာစေရန်အတွက် နွေရာသီအားကစားသင်တန်းများကို ယနေ့က မြို့နယ်အားကစားရုံ၌ ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက အားကစားနည်း(၄)နည်းအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။        

အားကစားနည်းစနစ်အခြေခံများကို စနစ်တကျကျွမ်းကျင်နားလည်တတ်မြောက်စေရန်၊ လူငယ်လူရွယ်များ နွေရာသီအားလပ်ရက်တွင်အချိန်ကိုတန်ဖိုးထားတတ်စေရန်နှင့် နိုင်ငံကိုယ်စားပြုအားကစားသမားများ ပေါ်ထွက်လာစေရန်အတွက်ရည်ရွယ်ဖွင့်လှစ်ခဲ့ကြောင်းနှင့် ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ အေရိုးဗစ် စသည့်အားကစားနည်း ၄ မျိုးကို မတ်လ ၁၃ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ သင်ကြားသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနည်းစနစ်မှူး ဦးစိုးလှိုင်ထံမှ သိရသည်။

တင့်ဆွေ(ပြန်/ဆက်)