လှိုင်းဘွဲမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆင့်ပွားသင်တန်း ပို့ချ

လှိုင်းဘွဲ မတ် ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အတွင်းရှိကလေးသူငယ်များ ရရှိရထိုက်သောအခွင့်အရေးဆိုင်ရာများကိုရရှိစေရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က ကလေးသူငယ်များသည် တိုင်းပြည်၏အနာဂတ်ဖြစ်ပြီး မိမိမြို့နယ်အတွင်း ကလေးသူငယ်များအနေဖြင့် ရရှိရထိုက်သောအခွင့်အရေးများကိုရရှိစေရန်နှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများအနေဖြင့် ပူပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း စသည့်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းရန်နောင်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ် အကြောင်းအရာများ၊ ကလေးသူငယ်တို့၏ ပညာသင်ကြားခွင့်၊ အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက်ပိုင်ခွင့်နှင့် ပူးပေါင်းပါဝင်ခွင့်၊ ကလေးသူငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်း၊ မတော်မတရာပြုမှုခြင်းများတားဆီးရေးလုပ်ငန်းများ၊ ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးရည်မှန်းချက်များ၊ ကလေးသူငယ်အခွင့်အရေးများကို အကာအကွယ်ပေးခြင်းနှင့်လေးစားမှုရှိခြင်းသည် လူမှုအဖွဲ့အစည်းအတွက်အရေးပါသော ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်ကြောင်းနှင့် ညာဏ်အမျော်အမြင်နှင့်ပြည်စုံသည့် ရပ်ရွာလူထုပျိုးထောင်ရေးအတွက် အထောက်အကူပြုကြောင်း၊ မြန်မာနိုင်ငံကလေးသူငယ်ဥပဒေများ၊ နည်းဥပဒေများ၊ အရေးယူနိုင်သည့် ပြစ်မှုပြစ်ဒဏ်များကို ပို့ချရှင်းလင်းပေးခဲ့သည်။

ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာလုပ်ငန်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

စောဒိ( ပြန်/ဆက်)