မြန်အောင်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာနများ ပြင်ဆင်ထားရှိမှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာမေးပွဲဖြေဆိုမည့်ကျောင်းသား/သူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်

မြန်အောင် မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အဖွဲ့ဝင်(၁)နှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်က ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် စာစစ်ဌာန(၈)ခုတွင် စာမေးပွဲဖြေဆိုရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး၍ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအတွက်ပေးအပ်သော ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြကြောင်းသိရသည်။

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၇) ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းမင်းစိုးနှင့်တာဝန်ရှိသူများက အ.ထ.က(၁)မြန်အောင်၊ အ.ထ.က(ကနောင်)၊ အ.ထ.က(သပြေကုန်း)၊ အ.ထ.က(အင်ပင်)၊ အ.ထ.က(ဇလုပ်မ)၊ အ.ထ.က(လက်ပံကွင်း)၊ အ.ထ.က(ငရွှေကျင်)နှင့် အ.ထ.က(တာခွ)ကျောင်းများရှိ စာဖြေခန်းများအတွင်း/အပြင် ပြင်ဆင်ထားရှိမှု၊ ကျောင်းများ မီးဘေးအန္တရာယ်ကင်းရှင်းစေရေး ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍ သက်ဆိုင်ရာစာစစ်ဌာနအလိုက် ကျောင်အုပ်ကြီးများနှင့်တာဝန်ရှိသူတို့အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စာမေးပွဲဖြေဆိုမည့်ကျောင်းသား/သူများအတွက်ပေးအပ်သော ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြကြောင်းသိရသည်။

ဝင်းဗိုလ် (မြန်အောင်ပြန်/ဆက်)