ဘားအံ မတ် ၁၃
ကရင်ပြည်နယ်၊ ဘားအံမြို့၏ ကျက်သရေဆောင် သေဋ္ဌမာရ်အောင်ဘုရားကြီးပရိဝုဏ်အတွင်း ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (တတိယ)အကြိမ်မြောက် တပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ် ဖတ်ပူဇော်ပွဲပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါဘုရာကြီး ဂန္ဓကုဋီတိုက်အတွင်း၌ ဆင်ယင်ကျင်းပသည်။
ဦးစွာ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဝတ်ရွတ်အသင်းအဖွဲ့များနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကိုလျှောက်ထားတင်ပြပြီး တာဝန်ရှိသူများ၊ စေတနာရှင်၊အလှူရှင်များနှင့်အတူ သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြကာ နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ဩဝါဒကထာနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။
ယင်းနောက် ကြွရောက်ချီးမြှင့်တော်မူကြသော သံဃာတော်အရှင်သူမြတ်များနှင့် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့သည် တပေါင်းပွဲတော် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုပြီးမြောက်စေပြီး မင်္ဂလာရွှေမိုးငွေမိုးများရွာသွန်းဖြိုးကာ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။
အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်နယ်ဥပဒေချုပ်ရုံးက ကြီးမှူးဖွင့်လှစ်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဆင်းပွဲကို မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အဆိုပါသင်တန်းကို ပြည်နယ်အဆင့် အရာထမ်း ၁၂၂ ဦးတက်ရောက်ကြပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသား၊သင်တန်းသူများအနေဖြင့် တည်ဆဲဥပဒေများ၊ ထုတ်ပြန်ထားသည့်အမိန့်၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများကိုဆက်လက်၍ ကျယ်ကျယ်ပြန့်ပြန့်လေ့လာကြရန်မှာကြားလိုကြောင်း၊ အထက်ကပေးအပ်သောတာဝန်များကို ဥပဒေနှင့်အညီကျေပွန်အောင်ထမ်းဆောင်ရန်နှင့်မိမိတို့လက် အောက်ဝန်ထမ်းများကိုစီမံခန့်ခွဲခြင်း၊ ဦးဆောင်ဦးရွက်ပြုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းတို့တွင်လည်း သက်ဆိုင်ရာဥပဒေများနှင့်အညီလိုက်နာဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ကချမှတ်ထားသော ရည်မှန်းချက်များကိုအောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က သင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)