မြိတ် မတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ (၂၀၂၅)ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၅)ခုဖြင့် ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ကျောင်းသား/သူများ စာမေးပွဲကို အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် မတ်(၁၂)ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများမှ စာမေးပွဲကျင်းပမည့် စာစစ်ဌာနကျောင်းများ ပြင်ဆင်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
စာစစ်ဌာနကျောင်းများအားကြည့်ရှုစစ်ဆေးရာ၌ ကျောင်းသား/သူများစာမေးပွဲလာရောက်ဖြေဆိုရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေး၊ စာစစ်ဌာနကျောင်းများ အပြင်စည်း အတွင်းစည်း လုံခြုံရေးဆောင်ရွက်ထားရှိမှု၊ စာစစ်ဌာနများအလိုက် စာမေးပွဲဆိုင်ရာကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
စာစစ်ဌာနများ စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်ဟိန်းကျော်နှင့် တာဝန်ရှိသူများက စာစစ်ဌာနကျောင်းများရှိ စာစစ်မှူးရုံးခန်း၊ စာဖြေခန်းများ၊ ကျန်းမာရေးခန်း၊ သန့်စင်ခန်း၊ စာဖြေအဝင်အထွက်ဂိတ်များ ပြင်ဆင်ထားရှိမှုများအားကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ မြိတ်မြို့နယ်တွင် စာစစ်ဌာန(၅)ခု၌ တက္ကသိုလ်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူစာရင်းရှိ (၂၅၇၈)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက် )