မြိတ် မတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်နှင့် မြိတ်ခရိုင်အားကစားနှင့်ကာယပညာကော်မတီတို့ပူးပေါင်းကျင်းပသည့် မြိတ်ခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံအမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲကို မြို့မအားကစားကွင်းတွင် မတ်လ(၁၂)ရက်နေ့ ညနေပိုင်းက ကျင်းပသည်။
အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီး ခရစ်ကက်ပြိုင်ပွဲကို အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်နှင့် မျိုးဆက်သစ်ခရစ်ကက်အားကစားသမားများ မွေးထုတ်ပေးနိုင်ရန်၊ ကျောင်းသား/သူများကျန်းမာရွှင်လန်းပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရန်၊ နွေရာသီကျောင်းပိတ်ရက်များကို တန်ဖိုးရှိရှိအသုံးချတတ်ရန်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။
ပြိုင်ပွဲကို ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အမှာစကားပြောကြား၍ဖွင့်လှစ်ပေးပြီး မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်အဖွဲ့ဝင် ဦးဝင်းမိုးက ခရစ်ကက်အားကစားပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစား သစ္စာအဓိဌာန်ရွတ်ဆို၍ ပြိုင်ပွဲစတင်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို အခြေခံပညာကျောင်းပေါင်းစုံမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း(၁၀)သင်းနှင့် အမျိုးသမီး အသင်း(၁၀)သင်း၊ ပြိုင်ပွဲဝင်အားကစားသမား(၂၄၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများကို မတ်(၁၁)ရက် မှ (၁၇)အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။
ခိုင်ထူး (ပြန်/ဆက်)