ပခုက္ကူ မတ် ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ဆုကြီးပန်သီလရှင်သင်ပညာရေး အလယ်တန်းကျောင်း၌ မတ်လ (၁၁) ရက်မှစတင်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နွေရာသီ ကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူ (လူငယ်) များအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်ကာလများတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်၊ အသိပညာ ဗဟုသုတများတိုးပွားပြီး ကွန်ပျူတာကို အခြေခံမှစတင်ကာ စနစ်တကျကျွမ်းကျင်တတ်မြောက်စွာ ကိုင်တွယ်အသုံးပြုတတ်စေရန်ရည်ရွယ်၍ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၏ စီစဉ်ဦးဆောင်မှုဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းကို အခြေခံနှင့်အဆင့်မြင့် (၂)မျိုးခွဲ၍ သင်ကြားပေးလျက်ရှိရာ အခြေခံ သင်တန်းတွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုနည်း၊ မြန်မာစာနှင့် အင်္ဂလိပ်စာ လက်ကွက်များ လေ့ကျင့်နည်း၊ Microsoft Word, Excel, PowerPoint များနှင့် Adobe PageMaker အသုံးပြု၍ ရုံးစာရေးသားနည်း၊ ဖိတ်စာနှင့်ယပ်တောင်များ ဖန်တီးရေးသားနည်း၊ စာရင်းဇယားပြုလုပ်နည်းများနှင့် အဆင့်မြင့်သင်တန်းတွင် ဓာတ်ပုံပြုပြင်နည်း၊ စာရင်းကိုင်၊ စာရင်းအင်းတွက်ချက်နည်း၊ လုပ်ငန်းတစ်ခု၏ အရှုံးအမြတ်တွက်ချက်နည်း၊ အဆောက်အဦးဒီဇိုင်း အမျိုးမျိုးရေးဆွဲနည်း၊ (Software & Hardware) ကွန်ပျူတာပြုပြင်နည်း စသည့်ဘာသာရပ်များ ပါဝင်ကြောင်း၊ သင်တန်းတွင် ကျောင်းသား၊ ကျောင်းသူများနှင့် မြို့ပေါ်ရပ်ကွက်များရှိ လူငယ်များအားလုံး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ (၆၄) ဦးတက်ရောက်ကြပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်မှ ဧပြီလ ၁၁ ရက်နေ့အထိ သင်တန်းကာလ (၁) လကြာ စာတွေ့လက်တွေ့ စနစ်တကျ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း ပခုက္ကူမြို့၊ ရွှေဝန်းရံ ကွန်ပျုတာအခြေခံနှင့် အဆင့်မြင့် သင်တန်းကျောင်းမှ သင်တန်းနည်းပြ ဦးနေထက်အောင်က ပြောသည်။
ဘာမီသာ(ပခုက္ကူ)