မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန(Community centre)ခန်းမတွင် ဥပဒေရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မြောင်းမြ မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန(Community centre) ခန်းမတွင် ဥပဒေရေးရာနှင့်တရားစီရင်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 အခမ်းအနားတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ဥပဒေရေးရာအထောက်အကူပေးရေးအဖွဲ့၊ အဖွဲ့ဝင် ဦးမော်မျိုးထွန်းက အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဥပဒေရေးရာအထောက်အကူပြုပေးရေးအဖွဲ့၊ အဖွဲ့ဝင် ဦးရန်နိုင်ထွန်းက "ရာဇဝတ်ဆိုင်ရာဥပဒေ၊ တရားမဆိုင်ရာဥပဒေ" ခေါင်းစဉ်ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တစ်လင်တစ်မယားဆိုင်ရာဥပဒေနှင့် ကလေးသူငယ်ဆိုင်ရာဥပဒေစသည်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ဟောပြောပွဲ့သို့ တက်ရောက်လာသူများအား ဥပဒေရေးရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြောင်းမြခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ လူငယ်များ၊ ကျောင်းသား/သူများစာဖတ်ရှိန်မြှင့်မားလာပြီး အသိပညာဗဟုသုတကြွယ်ဝလာစေရန်အတွက် အသိပညာပေး Talk Show ပွဲများ၊ စာဖတ်ဝိုင်း၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဇေယျာ (မြောင်းမြ)