နတ်မောက်မြို့နယ် ထုံးပေါက်ချိုင်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး

နတ်မောက် မတ် ၁၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများတစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊မွေးမြူရေးနှင့်မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ပဥ္စမစက်ဝန်းထုတ်ချေးခြင်းကို  ယမန်နေ့ နေ့လယ်ပိုင်းက  ထုံးပေါက်ချိုင်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။  

ရှေးဦးစွာ နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊စီမံကိန်းအကြောင်းအရာများ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင်လိုက်နာရမည့် စည်းကမ်းချက်များ၊ အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ထံ ရန်ပုံငွေလွှဲပြောင်းပေးအပ်သည်။ ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ထုံးပေါက်ချိုင်းကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၄ ဦး ငွေကျပ် ၂၂ ဒသမ ၃ သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၃၉ ဦး ငွေကျပ် ၈ ဒဿမ ၁ သန်း၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ ၇ ဦး ငွေကျပ် ၂ ဒသမ ၀ သန်း စုစုပေါင်း အသင်းသား/အသင်းသူ ၁၅၀ဦးကို ပဥ္စမအကြိမ်မြောက်အဖြစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် ၃၂ ဒသမ ၄ သန်း ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။ နတ်မောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ ကျေးရွာပေါင်း ၄၁ ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မူမူစန်း