မော်လမြိုင်ကျွန်း မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ အသိပညာဟောပြောပွဲအား ယမန်နေ့ ၁၀ နာရီအချိန်က စော်ကဲချောင်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူအန္တရာယ် သိကောင်းစရာများ အကြောင်း၊ စားသုံးသူဥပဒေဆိုင်ရာ အချက်အလက်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ စားသုံးသူများအနေဖြင့် နစ်နာမှုရှိပါက စားသုံးသူရေးရာဦးစီးဌာန (သို့မဟုတ်) DOCA Application သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ 1535 သို့ဖုန်းဖြင့် လည်းကောင်းတိုင်ကြားနိုင်ကြောင်း၊ မြို့နယ်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ မြေပြိုဘေးအကြောင်း သိကောင်းစရာများ၊ မြို့နယ်မွေးမြူးရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ဖြူဖြူဝင်းက ခွေးရှုးပြန်ရောဂါ ကာကွယ်ရေးအကြောင်း သိကောင်းစရာများ စသည့်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)